0

ခင်ပွန်းသည်ကို ကလေးတွေထက် ပိုပြီးချစ်တာ ဘဝသာယာ ပျော်ရွှင်ခြင်းရဲ့ အောင်မြင်မှု သော့ချက်

 
“သမီးနဲ့ အဖေနဲ့ ဘယ်သူ့ကို ပိုချစ်လဲ”လို့ ကျွန်မငယ်ငယ်က အမေ့ကိုမေးဘူးတယ်။ “အချစ်ချင်းမတူဘုး”လို့ အမေက ပြန်ပြောခဲ့ပါတယ်။ ဒါပေမယ့် အဖေနဲ့အမေတို့တဦးနဲ့တဦး ကြင်နာတဲ့ အနမ်းတွေနဲ့ ဖလှယ်ပြီး၊ တစ်ယောက်လက် တစ်ယောက် အမြဲချိတ်ပြီး သွားလာနေကြတယ်။ ကျွန်မတို့ကလေးတွေကို အဖိုးအဖွားနဲ့ထားပြီး အားလပ်ရက်ရှည် လျှောက်လည်ကြတယ်။ ကျွန်မတို့အဖေကို အမေက ကျွန်မတို့ထက်ပိုပြီး ချစ်ခဲ့တာပါ။

အမေ ဒီလိုဖြတ်သန်းခဲ့တာ ကျွန်မ အရမ်းဝမ်းသာတယ်။
မိသားစု သာယာ ပျော်ရွှင် အဆင်ပြေမှုဆိုတာ အမေတယောက်ဟာ ကလေးတွေထက်၊ အိမ်ထောင်ရေးနဲ့ အိမ်ထောင်ဘက်ကို အားလုံးထက်ပိုပြီး ဂရုစိုက်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ ကလေးတွေကို ဦးစားပေးရှေ့တန်းတင်တဲ့ ယဉ်ကျေးမှု အစဉ်အလာကြီးထဲမှာ နေနေကြပါတယ်။
“အရာအားလုံးဟာ ကလေးများအတွက် ဖြစ်သည်” ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ရော အိမ်ထောင်ဘက်ကိုပါ ဦးစားမပေးရှေ့တန်းမတင်တဲ့ အမေရိကန် အမျိုးသမီးတွေကို ဂုဏ်ပြုဆုရှိတယ်လို့ စာရေးဆရာမ အက်စ်သာ ပါရဲလ်က ယုံကြည်ပါတယ်။ အမျိုးသမီးတွေဟာ သူတို့ရဲ့ အိမ်ထောင်ဘက် ယောက်ျားတွေကို ရင်ထဲ အသည်းထဲက ချစ်ခင်မှုနဲ့ တကယ့်လက်တွေ့ကျကျ ကျေနပ်နှစ်သိမ့်မှုကို ပေးရမယ့်အစား၊ ဒီအသည်းထဲက ချစ်ခင်မှုနဲ့ တကယ့် လက်တွေ့ကျကျ ကျေနပ်နှစ်သိမ့်မှုတွေ သူတို့ရဲ့ကလေးတွေဆီမှာ အဆုံးသတ် သွားနိုင်တယ် ဆိုတာကို သတိမထားမိကြဘူးလို့ ပါရဲလ်ကပြောပါတယ်။ ကလေးတွေကို အချစ်တွေ ပုံအောပြီး ပေးလိုက်ပြီးတဲ့နောက် သုတို့လင်ယောက်ျားတွေ အတွက် ဘာမှ မကျန်တော့ဘူး။ အိမ်ထောင်ရေးဆိုတာ နောက်မှတွေးစရာ အရာ တခုဖြစ်လာတယ်။
အင်း ဒါဆို အမျိုးသမီး ဘယ်နှစ်ယောက်ကများ ဒါမျိုးသိကြပါသလဲ? ဒါ သူတို့အပြစ်မဟုတ်ပါဘူး။ အပြစ်လည်းမတင်ပါဘူး ဒါပေမယ့် ဒါဟာ ပြဿနာတရပ်ဖြစ်တယ်။ တကယ်တော့ တကယ့်ကြီးမားတဲ့ ပြဿနာပါ။ အိမ်ထောင်စုတခု မိသားစုတခုမှာ အဖေနဲ့အမေ အဆင်မပြေဘူး ကတောက်ကဆ ဖြစ်ပြီဆိုရင် တမိသားစုလုံး ဘယ်သူမှ မပျော်ရွှင်နိုင်ကြပါဘူး။ ကိုယ့်အိမ်ထောင်ရှင် ယောက်ျားကို တခြားအရာတွေ အားလုံးထက် ပိုပြီး ဦးစားပေးရှေ့တန်းတင်သင့်တယ်။

ကျွန်မတို့မိသားစုကို ကျွန်မ အမြဲကြည့်မိတယ်။ ကျွန်မ အမျိုးသားနဲ့ ကျွန်မ ပျော်ရွှင်ကြည်နူးနေရင် ကျွန်မတို့ ကလေးတွေကလည်း ပျော်ပျော်ပါးပါးနဲ့ ကျွန်မတို့နဲ့ချစ်ချစ်ခင်ခင် ရှိကြတယ်။ ကျွန်မတို့ကြားထဲပြေးဝင်ပြီး လက်ကလေးတွေဆွဲကိုင် ပွေ့ဖက်လို့ ငြိမ်းချမ်း ပျော်ရွှင်ကြတာ တွေ့ရတယ်။ အချုပ်ပြောရရင်တော့ အိမ်ထောင်ရေးရဲ့ အခြေခံအုတ်မြစ်ဟာ မိသားစုပဲဖြစ်တယ်။
ကလေးတွေဟာ တယောက်နဲ့တယောက်အတူတူ အချစ်တွေမျှဝေကြတဲ့ လူသားနှစ်ယောက်က မွေးဖွားလာတာပါ။ သူတို့ဟာ ဒီအချစ် အရိပ်အောက်မှာ ကြီးထွားရှင်သန် လာကြပြီး သူတို့ရဲ့ကိုယ်ပိုင် အချစ်တွေ ရှာတွေ့ကြတယ်။ သူတို့လည်း ဒီလိုပဲ ထပ်တူထပ်မျှ ဖြစ်လာလိမ့်မယ်။ အကြင်လင်မယား အချစ်ဆိုတာ ကျွန်မကလေးတွေကို ချစ်တာမျိုးနဲ့ သာလွန်ပြီး အချစ်ချင်း မတူကြပါဘူး။ ကလေးတွေအတွက် ကျွန်မ အသေခံကောင်းခံမယ်၊ ရထားခေါင်းရှေ့ ခုန်ချချင် ခုန်ချမယ်၊ သူတို့ပျော်ကြမယ်ဆို တောင်တန်းကြီးတွေကို ရွှေ့ချင်ရွှေ့မယ်။ ဒါပေမယ့် ကျွန်မ ယောက်ျားကို ကျွန်မချစ်တဲ့ အချစ်နဲ့တော့မတူဘူး။
ဒီအချစ်ဟာ စွဲလန်းတပ်မက်မှု သာယာကြည်နူးမှု တမ်းတမှုတွေနဲ့ တောက်လောင်နေတယ်။ စိတ်အားငယ်ပြီး အခက်အခဲတွေနဲ့အဆင်မပြေတဲ့နေ့တွေကို ဖြတ်သန်းရင်း ဒီအချစ်တွေ ကျွန်မမှာရှိနေတယ်။ သူသာမရှိရင် ကျွန်မအတွက် အရာ အားလုံး ပျက်သုဉ်းကုန်တော့မယ်။ ဒါကို ကျွန်မသိတယ်။ သူလည်း သိတယ်။ ကျွန်မတို့နှစ်ယောက်စလုံး အစွမ်းကုန် ကြိုးစားပြီး ဒါကို ထိန်းသိမ်းထားကြတယ်။ ကလေးတွေကို ချစ်ရတာ ပိုပြီး အဆင်ပြေချောမောပြီး၊ လုပ်မြဲလုပ်နေကြ သဘာဝအတိုင်း ဖြစ်လာရုံသာ မကဘူး၊ လုပ်ရတဲ့ အလုပ်တွေ တာဝန်တွေတောင် ပိုပြီး သက်သာလာတယ်။

ဒါကြောင့် လေးနက်မှန်ကန်စွာနဲ့ဆိုရရင်၊ ဟုတ်ကဲ့ ကျွန်မရဲ့ အိမ်ထောင်ရှင်ဘက် ကိုယ့်ယောက်ျားဟာ ကျွန်မရဲ့ ပထမနံပါတ်တစ် ဦးစားပေးဖြစ်ပါတယ်။ ကျွန်မကလေးတွေ အတောင်အလက်စုံလို့ အသိုက်က ခွာပြီး ပျံသန်းသွားကြတဲ့အခါ ရှိနေမယ့် ကျွန်မ တည်ဆောက် ဖန်တီးခဲ့တဲ့ မိသားစုဟာ ဒါပါပဲ။

(မင်းဆန်းမင်း ရေးသားပေးပို့သည်။)
http://www.lubo601.com/2012/01/blog-post_1349.html#more

0 comments:

Post a Comment

Back to Top