0

ဂရိပညာရှင် ပလေတိုရဲ့ အမှန်တရား

တိတ်ဆိတ်မဲမှောင်နေတဲ့ ဂူကြီးတစ်ခုထဲမှာ လူတစ်ချို့တွေဟာ ဂူအတွင်းဘက်ကို မျက်နှာမူတဲ့အနေအထားမျိုးနဲ့  ဦးခေါင်းလေးတောင် လှည့်ခွင့်မရအောင် ကြိုးတွေနဲ့တုပ်ထားခံရပြီး အလင်းရောင်ကိုတောင် မြင်တွေ့ခွင့်မရကြရှာဘူး၊၊ အဲဒီလူတွေ အကုန်လုံးဟာ မွေးလာကတည်းက အဲဒီဂူကြီးထဲမှာ ချုပ်နှောင်ခံရတဲ့ လူတွေလည်းဖြစ်တယ်၊၊ ဒီတော့ သူတို့တွေဟာ လက်တွေ့ ပြင်ပကမ္ဘာမှာ ဘာဖြစ်နေတယ်ဆိုတာ မသိသလို   အရာဝတ္ထုတွေကို ဘယ်လိုနာမည်ခေါ်ဆိုရမှန်းလည်း မသိကြပါဘူး၊၊ သူတို့ကိုချုပ်နှောင်ထားတဲ့  အနောက်ဘက် ဂူပေါက်ဝ ခပ်မြင့်မြင့်နေရာတစ်ခုမှာတော့ မီးပုံတစ်ပုံက တောက်လောင်နေပါတယ်၊၊ အဲဒီဂူရှေ့ကို ဖြတ်သွားဖြတ်လာ လုပ်တဲ့ လူတွေ တိရိစ္ဆာန်တွေရဲ့  အရိပ်တွေဟာ အကျဉ်းသားတွေမျက်နှာမူရာရှေ့ ဂူနံရံမှာ လာပြီးပေါ်ပါတယ်၊၊ တစ်နေ့ပြီးတစ်နေ့ ဘာမှလုပ်စရာမရှိတဲ့ ဒီအကျဉ်းသားတွေဟာ သူတို့မျက်စိရှေ့မှာ လာပေါ်တဲ့  အရိပ်တွေကို အမည်ပေးပါတော့တယ်ရှေ့မှာ ပြောထားတဲ့အတိုင်း ဒီအကျဉ်းသားတွေဟာ မွေးလာကတည်းက ဒီဂူကြီးထဲမှာပဲ ချုပ်နှောင်ခံနေရတဲ့သူဖြစ်လို့  အရိပ်တွေကိုအမည်ပေးတဲ့အခါ ဖြတ်သွားဖြတ်လာလုပ်တဲ့ လူတွေရဲ့ စကားသံကို နားထောင်ပြီး  အမည်ပေးတာ ဖြစ်တယ်၊၊ ဒီတော့ တခါတလေ သူတို့တွေ နားကြားမှားတာမျိုး ဒါမှမဟုတ် ဂူထဲက သူတို့အချင်းချင်း စကားပြောတဲ့ ပဲ့တင်သံတွေနဲ့ ရောထွေးပြီး  အရိပ်တွေကို နာမည်ပေးတဲ့အတွက် ဘယ်လိုမှ ဒာမည်အမှန်ကို ဒီအကျဉ်းသားတွေ သိစရာမရှိပါဘူး၊၊ ဒါပေမယ့် ဒီလိုမှားယွင်းမှုမျိုးကို အကျဉ်းသားတွေထဲက ဘယ်သူကမှ မသိခဲ့ပါဘူး၊၊ ဘယ်သူကမှလဲ ပြင်ပကမ္ဘာကို မရောက်ဖူးတာကိုး၊၊  ဒီလိုနဲ့ အရိပ်တွေကို အမြန်ဆုံး နာမည်ပေးနိုင်တဲ့ သူဟာ အကျဉ်းသားတွေထဲမှာ ဆရာကြီး ဖြစ်လာတာပေါ့၊၊

တစ်နေ့ကျတော့ ကံကောင်းထောက်မစွာနဲ့ပဲ တစ်ယောက်သော အကျဉ်းသားဟာ ဂူအပြင်ဘက်ကို ထွက်ခွင့်ရပါတယ်၊၊ ဒါနဲ့ သူဟာ မတ်တပ်ရပ်ဖို့ ဖိအားပေးခံရသလို ဂူအပြင်ဘက်က အလင်းရောင်ကို ကြိုးစားပြီး ကြည့်ရပါတော့တယ်၊၊ အမှောင်ထဲမှာ တစ်သက်လုံးနေခဲ့ရတဲ့သူတစ်ယောက်အတွက် အလင်းရောင်ကို ချက်ချင်းကြည့်တဲ့အခါ ရုတ်တရက် မျက်စိမှိတ်ပစ်ကြပါတယ်၊၊ အဲဒီအခိုက်အတန့်လေးမှာ အဲဒီအကျဉ်းသားရဲ့ စိတ်ထဲမှာ ဂူထဲကို ပြန်သွားချင်စိတ်လေး ဖြစ်ပေါ်လာပါတယ်၊၊  ဘာကြောင့်လဲ ဆိုတော့ ရုတ်တရက်ပြောင်းလဲမှုအတွက် သူ့ခမျာ အဆင်သင့်မဖြစ်ရှာသေးဘူးလေ၊၊ ဒီနောက်တော့ ကျင့်သားရလာပြီး မျက်စိကိုဖွင့်ပြီး လောကကြီးကို ကြည့်တဲ့အခါ အရာရာတိုင်းက ထူးဆန်းလို့နေပါတယ်၊၊ သူ့ဘေးနားမှာ ဂိုက်လို့ခေါ်ရမယ့် လူတစ်ယောက်က ဘယ်ဟာကို ဘယ်လိုခေါ်တယ်  ဆိုတာတွေ ပြောပြတော့ အကျဉ်းသားလေးရဲ့စိတ်ထဲမှာ လုံးဝလက်မခံနိုင်ပါဘူး၊၊ သူ ဂူထဲမှာ နေစဉ်က ဖယောင်းတိုင်လို့ ထင်ခဲ့တာက  အပြင်လက်တွေ့ဘဝမှာ ပန်းကန်ပြားတစ်ချပ်ဖြစ်နေတာဆိုတော့ ဒီအမှန်တရားကို သူလက်မခံနိုင်တော့ဘူးလေ၊၊ အပြင်လောကမှာ အချိန်တော်တော်ကြာနေထိုင်ပြီးနောက်တော့ အကျဉ်းသားလေးကူ့ရဲ့အမှန်တရားဟာ တကယ်တော့ မှားနေတယ်ဆိုတာ သဘောပေါက်ယုံတင်မက သူဟာ  ပြောင်းလဲမှုတွေရဲ့  အရှင်သခင်ဆိုတာကိုပါ ကိုယ့်ကိုယ်ကို ယုံကြည်လာပါတယ်၊၊

ဒီအချိန်ကာလမှာပဲ သူဟာ ဂူထဲမှာ ကျန်ရစ်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေကို သနားစိတ်ဖြစ်ပေါ်လာပါတယ်၊၊ အော် ငါ့သူငယ်ချင်းတွေခမျာ မဟုတ်တာတွေကို အမှန်တရားလို့ ထင်နေကြပါလား ဆိုပြီးတော့ပေါ့၊၊ သူ့သူငယ်ချင်းတွေဆီပြန်ပြီး သူတွေ့ခဲ့သိခဲ့တာတွေကို ပြန်ပြောချင်စိတ်တွေ ဖြစ်လာတော့ ဂူထဲကို ပြန်သွားပါတယ်၊၊ ဒီတော့ ဂူထဲကို ဝင်တဲ့အခါ  အမှောင်ထဲကို ပြန်ရောက်သွားတဲ့အတွက် သူ့မျက်စိက ကျင့်သားမရပြန်ပါဘူး၊၊ အချိန်နည်းနည်းပေးပြီးနောက်မှပဲ အမှောင်ထဲမှာ မြင်နိုင်စွမ်းကို ပြန်ရလာပါတယ်၊၊ ဒီအခါမှာ  အကျဉ်းသားတွေဟာ ဒီကောင်လေးကို ဝိုင်းပြီး ရီမော ဟားတိုက်ပါတော့တယ်၊၊ ဒီကောင် အပြင်ကို ခဏထွက်သွားပြီး ပြန်လာတာ ခုတော့ မမြင်မကန်းဖြစ်ပြီး ပြန်လာတယ်ဆိုပြီး ကဲ့ရဲ့ကြပါတယ်၊၊  အဲဒီအကျဉ်းသားလေး ပြောတာတွေကိုလည်း ဂူထဲက လူတွေက ယုံကြမယ်လို့ မိတ်ဆွေထင်ပါသလား၊၊
ဒါပေမယ့် ဒီအကျဉ်းသားလေးဟာ ပြင်ပကမ္ဘာကို ရောက်ဖူးသွားတဲ့အတွက် ဂူနံရံပေါ်က ပုံရိပ်တွေကို သူများထက်ပိုပြီး မြန်မြန် နာမည်ပေးနိုင်တယ်ဆိုတာကတော့ ယုံမှားစရာမရှိပါဘူး၊၊ အဲဒီလို သူ့ရဲ့လျင်မြန်မှုအတွက် ကျန်တဲ့အကျဉ်းသားတွေက ဂုဏ်ပြုကြမယ်ဆိုရင် အဲဒီ ဂုဏ်ပြုမှုအတွက် သူဟာ မိန်းမော သာယာနေမယ်လို့ မိတ်ဆွေထင်မြင်ပါသလား၊၊

တကယ်တော့ ဒီဥပမာလေးဟာ ကျွန်တော်တို့ လက်တွေ့ဘဝကို ထင်ဟပ်နေတာ ဖြစ်ပါတယ်၊၊ လွတ်မြောက်သွားတဲ့ အကျဉ်းသားလေးရဲ့ ဘဝမှာ ကဲ့ရဲ့ခံရတဲ့ အချိန်နှစ်ချိန် ရှိပါတယ်၊၊ ပထမတစ်ခါက သူဘာမှမသိသေးပဲ အပြင်လောကကြီးကို ထွက်လာတဲ့အချိန်ဖြစ်ပါတယ်၊၊ သူ့ရဲ့အသိဥာဏ်မရင့်ကျက်သေးတဲ့အခါမှာ အမှားတွေလုပ်မိတတ်ပါတယ်၊၊ ဒုတိယတစ်ခါကတော့ ဂူထဲကို ပြန်သွားတဲ့အခါဖြစ်ပါတယ်၊၊ တကယ်တမ်းတော့ အမှန်တရားကို သိမြင်တဲ့သူဟာ သူကိုယ်တိုင်ဖြစ်ပေမယ့် မသိသူတွေရဲ့ ကဲ့ရဲ့မှုတွေ ရန်လိုမှုတွေကို ခံရပါတယ်၊၊ ဒါကြောင့်မို့လို့ လူတစ်ယောက် ကဲ့ရဲ့ခံရတဲ့အချိန်မှာ ဒီအခြေအနေနှစ်ခုထဲက ဘယ်တစ်ခုဖြစ်လို့ ကဲ့ရဲ့ခံရတယ်ဆိုတာ ကျွန်တော်တို့သိဖို့ လိုအပ်ပါတယ်၊၊  အသိပညာ ဖွံ့ဖြိုးဖို့ဆိုတာကလည်း ရုတ်တရက်ကြီး ဖြစ်ပေါ်လာတတ်တဲ့  အရာမျိုး မဟုတ်ပါဘူး၊၊ အချိန်ကာလတစ်ခုနဲ့ အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာတတ်တဲ့အရာမျိုးဖြစ်တဲ့အတွက် အမှားလုပ်မိတဲ့အချိန်တွေမှာ ဖေး မ ပေးဖို့ လိုအပ်ပါတယ်၊၊  ပြီးတော့ ကိုယ်ကိုကိုယ်တိုင်က အသိပညာတွေ ဖွံ့ဖြိုး သိမြင်ပြီးနောက်မှာ ကျန်ရစ်တဲ့သူတွေကို ပြန်သွားပြောပြဖို့လည်း လူတိုင်းမှာ တာဝန်ရှိပါတယ်၊၊

Plato ရဲ့ The Allegory of a Cave ကို အတိအကျမဟုတ်ပဲ နားလည်သလို ရေးဖွဲ့ပါတယ်၊၊

0 comments:

Post a Comment

Back to Top