0

ဘဝတိုက်ပွဲများ အပိုင်း(၂)


   ကျောင်းဆက်တက်ဖို့ထက် အိမ်လခပေးဖို့က အရေးကြီးတယ်၊ ကျနော့်လို အသက်(၅၀)အရွယ်က ကောလိပ်တက်ပြီးဘွဲ့ ထပ်ယူနေလို့ ဘာမှမထူးဘူး၊ အလုပ်ထပ်ရှာဖို့ ကြိုးစားပါတယ်၊ အမေရိကမှာက အလုပ်တခုကို ကိုယ်တိုင်ရှာဖွေပြီး အလုပ်ရသွားတဲ့ လူတွေက နည်းပါတယ်၊ လူအတော်များများဟာ အေးဂျင်စီ တခုခုကနေအလုပ်ရှာပေးမှ ရသွားကြတာ။

    အေဂျင်စီက လာဗျူးတဲ့အခါ ကိုယ်ဘာလုပ်တတ်သလဲ၊ အမေရိကမှာ အရင်လုပ်ခဲ့တဲ့ အလုပ်ကဘာလဲ၊ အရင်အလုပ်ကဘာကြောင့် ထွက်လိုက်သလ၊ဲ ဘယ်အချိန်မျိုးကို အလုပ်ဆင်းချင်ပါသလဲ၊ ၂၅ပေါင် အလေးချိန်လောက်ရှိရင် မ,နိုင်ပါမလား၊ ပညာအရည်းအချင်း ၊စတာတွေကိုမေးတယ်၊ ပြန်ဖြေတဲ့အခါ ဘာမှမလုပ်တတ်ဘူး၊ အလုပ်မလုပ်ဘူးပါဘူး ဆိုရင်တော့ အလုပ်မရတော့ဘူး၊ ကျနော်တို့ မြန်မာ တိုင်းရင်းသား တွေက ရိုသားလွန်လွန်းတယ်၊ ထုံအ,တယ်၊ အလုပ်ရစေချင်လွန်းလို့ ဒီလိုမေးလာရင် ဒီလိုဖြေဖို့ သင်ပေးတယ်ဗျာ၊ သူတို့ အလုပ်ရစေချင်လွန်းလို့ ပြောတာပါ။


ရုတ်တရက် အလုပ်ပြုတ်သွားရင်တော့ အိမ်လခမပေးနိုင်ရင် အိမ်ပေါ်ကဆင်း၊ လမ်းပေါ်ရောက် ဘဝပျက်သွားတာပါပဲ.... သူတို့ ရောက်တဲ့ ဒုက္ခက ထမင်းငတ်ပြီး မသေနိုင်ဘူး၊ နေစရာရှိ သေးတယ်၊ အမေရိကမှာ အလုပ်ပြုတ်သွားလို့ ဒုက္ခရောက်ရင် နေစရာမရှိဘူး၊ ကူညီဖို့ လူလည်းမရှိဘူး၊
    ဘာလုပ်ခဲ့ဖူးသလဲ၊ မြန်မာလိုစကားပြန်နဲ့ ပြောရပါတယ်၊ ကိုယ်ကိုမမေးခင် ကိုယ်ကိုအလုပ်ရှာပေးတဲ့ အေးဂျင်စီက ကိုယ်ရဲ့အလုပ်အတွေ့အကြုံကို ရေးပို့ပြီးသား သူတို့ဖတ်ပြီးသား၊ စုံစမ်းပြီးသား၊ အင်တာဗျူးမှာ သူတို့မေးတဲ့အခါ သွက်သွက်လက်လက်ပြောတတ်ဖို့၊ ကြောက်ရွံ့မနေဖို့ ဒါအရေး ကြီးတယ်၊ ကျနော်ဆိုဗျာ မြန်မာပြည်မှာတုန်းက ကျောင်းသား၊ ၈၈၈၈ သပိတ်မှောက်တယ်၊ တောခိုတယ်၊ နယ်စပ်မှာတော့ ကျောင်းဆရာ မတတ်တခေါက် လုပ်ခဲ့တယ်၊ မျက်နှာကို ပြုံးနေတတ်အောင်ထားပြီး၊ သူတို့သဘောကျ ရယ်မောလောက်အောင်ဖြေလိုက်လို့ အင်တာဗျူး အောင်ခဲ့တယ်၊ ကျနော်ကို ဘာအလုပ်လုပ်ခဲ့ဖူးလဲ၊ မေးတုန်းက ကားပြင်တတ်တယ်၊ ဆောက်လုပ်ရေး အတတ်ပညာတွေ တတ်တယ်၊ လက်သမား၊ ပန်းရံ၊ ရေဒီယို၊ ကက်ဆက်၊ တီဗွီပြင်တတ်တယ်၊ ပေါင်မုန့်၊ ကိတ်မုန့် လုပ်တတ်တယ်၊ တကယ်တော့ ဘာမှမတတ်ဘူး၊ ကျောင်းဆရာလုပ်တော့ ကလေးတွေကိုဘယ် ဘာသာသင်ပေးသလဲ၊ သချာင်္ဘာသာ သင်ပေးပါတယ်၊ ဆရာသင်ပေးတာကို ကလေးတွေ နားလည်ဖို့ လွယ်ပါရဲ့လား၊ ဆရာလည်း တခါခါမှားပါတယ်၊ ဆရာမှားရင်တော့ ဆောရီးလို့ ကလေးတွေကို တောင်းပန်ပါတယ်၊ ကျနော့်အင်တာဗျူးမှာ သူတို့ အူတက်အောင်ရယ်ကြတယ်၊ နောက်နေ့မှာ ဘယ်အလုပ်ရုံ၊ ဘယ်နေ့၊ ဘယ်အချိန်၊ အလုပ်စဝင်ဖို့ ဖုန်းဆက်လာပါတယ်၊ ဒါပါပဲ။

    အမေရိကမှာ အလုပ်ရဖို့ မလွယ်ဘူး၊ အလုပ်ပြုတ်ဖို့တော့ လွယ်ပါတယ်၊ အလုပ်လုပ်မှ အဆင်ပြေရုံ လေးရှိမယ်၊ လက်ရှိအလုပ်လေး ပြုတ်မသွားဖို့ ထိန်းသိမ်းထားရတာလည်း အမောပါပဲ၊ ရုတ်တရက် အလုပ်ပြုတ်သွားရင်တော့ အိမ်လခမပေးနိုင်ရင် အိမ်ပေါ်ကဆင်း၊ လမ်းပေါ်ရောက် ဘဝပျက်သွားတာပါပဲ၊ ဒုက္ခသည်စခန်းက သူငယ်ချင်းတွေက ကျနော့်ကို အထင်တကြီး အကူအညီ လှမ်းတောင်းကြတယ်၊ ကူညီနိုင်သလောက် ကူညီပေးပါတယ်။ သူတို့ ရောက်တဲ့ ဒုက္ခက ထမင်းငတ်ပြီး မသေနိုင်ဘူး၊ နေစရာရှိ သေးတယ်၊ အမေရိကမှာ အလုပ်ပြုတ်သွားလို့ ဒုက္ခရောက်ရင်နေစရာမရှိဘူး၊ ကူညီဖို့ လူလည်းမရှိဘူး၊ အလုပ်ပြန်ရတော့ ဝမ်းသာခဲ့တယ်။

    ကျနော်အသက်က (၅၀)ရှိပြီးဆိုတော့ လူငယ်တွေလိုမြန်အောင် အားစိုက်လုပ်ရပါတယ်၊ မုန့်လုပ်တဲ့ စက်ရုံပါ၊ တနာရီ(၈)ဒေါ်လာနဲ့ မတန်အောင်လုပ်ရပါတယ်၊ မုန့်ဖျော်တဲ့နေရာပေါ့၊ ချောကလက်အိတ် က အလေးချိန် (၅၀)ကီလိုရှိပါတယ်၊ တနေ့ကိုအိတ်(၁၀၀)လောက် မချီကိုင်တွယ်ရတယ်၊ ထောပတ်တုံးလည်း (၅၀)ကီလိုပဲ တနေ့ကို (၁၀၀)လောက်မချီနေရတယ်၊ စက်နဲ့ဖျော်ပြီးသားမုန့်ကို မီးဖိုဆီ ပို့ပေးရတယ်၊ အသက်(၅၀)လောက် လူတွေက အလုပ်ရုံ၊ စက်ရုံတွေမှာ အလုပ်ရဖို့ မလွယ်တော့ဘူး၊ အသက်(၄၀)ကျော်သွားရင် အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူးလို့ စက်ရုံတိုင်းလိုလို ဒီသဘော ထားကြတယ်။

    ငါတော့ဒီအလုပ်မှာ အမြဲတမ်းလုပ်ပြီး၊ အဆင်ပြေပြီးလို့ ပုံသေတွက်ထားပြီး မာန်တက်နေလို့ မရဘူး၊ ဘာကိုမှပုံသေတွက်ထားလို့ မရဘူး၊ လွန်ခဲ့တဲ့ (၂)လလောက်က ကျနော်တို့စက်ရုံမှာ ရုတ်တရက်ကြီး လူ(၃၀)လောက် အလုပ်ထုတ်လိုက်တယ်၊ ကျနော်တော့ ပါမသွားဘူး၊ ဘာကြောင့်ဆိုတာလည်း မသိဘူး၊ ကျန်တဲ့ အလုပ်သမားတွေက ကောက်ချက် အမျိုးမျိုးချတယ်၊ စီးပွါရေးကျဆင်းလို့၊ လူလျော့တယ်ဆိုလား၊ အဲဒီလူတွေကို ကြည့်တော့လည်း၊ လုပ်သက်တွေက (၄)နှစ်လောက်ရှိကြပြီ၊ လူဟောင်းတွေကို ဖြုတ်ပြီးလူသစ်တွေ ပြန်ခေါ်တာတွေ့ရတယ်၊ ဒါဆိုလူလျော့ တာမဟုတ်ဘူး၊ ကျနော်က အတွေ့အကြုံ မရှိတော့၊ ဒီနည်းစနစ်ကိုမသိဘူး၊ အတွေ့အကြုံရှိတဲ့ လူဟောင်းမြန်မာတယောက်က အခုလို သူထင်မြင်ချက်အတိုင်း ရှင်းပြတာကို တွေးကြည့်မိတယ်၊ ဖြစ်နိုင်တယ်ပေါ့၊ အရင်းရှင် စီးပွါးရေးစနစ်တဲ့၊ ကျနော်က အရင်းရှင် စီးပွါးရေးတို့ ဘာတို့ဆိုတာ နားလည်တာမဟုတ်ဘူး၊ သူတို့ပြောတာကို မှတ်လိုက်တာပါ၊ လူဟောင်းတွေကိုပေးရတဲ့လုပ်ခက (၁၁)ဒေါ်လာနဲ့အထက်၊ လူဟောင်းဆိုတော့ အတွေအကြုံရှိတယ် ဆိုပေမဲ့ ရေရှည်သုံးမရတော့ဘူး၊ လူဟောင်း (၃၀)ကိုပေးရတဲ့ ငွေပေါင်းတဝက်စာ လောက်နဲ့လူသစ် (၃၀)ကိုပြန်အစားထိုးတယ်၊ လူသစ်တွေက ဈေးပေါတယ် တနာရီ(၈)ဒေါ်လာနဲ့ သေအောင်ခိုင်းလို့ ရတယ်လေ၊ ကျနော်နားလည်သလောက် ပြောပြတာပါ၊ ဒီထက်ပို မရှင်းပြတတ်ဘူး၊ အဲဒီလို အလုပ်မှာပုံသေတွက်လို့ မရတဲ့အခြေအနေရှိတယ်၊ ကျီးလန့်စာစားနေရတဲ့ ပုံမျိုးပါ၊ အမေရိက ရောက်လာတဲ့ လူတိုင်းကိုမဆိုလိုပါဘူး၊ ကျနော့်ကိုယ်တွေ့ လောက်ကိုပြောတာပါ။

    မြန်မာပြည်၊ ထိုင်းနိုင်ငံနယ်စပ်မှာနေတုန်း ပြည်သူလူထုတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ အပိုင်းတခုကို ပြောပြချင်သေးတယ်၊ မြန်မာပြည်မှာ ခါးပိုက်နှိုက်၊ ဓါးပြ၊ လူဆိုး၊ သူခိုး၊ လူရမ်းကား၊ ဆိုတာတွေရှိတယ်၊ ထိုင်းမှာလည်းရှိတယ်၊ ဒါပေမဲ့ အမေရိကမှာ၊ ကျနော်တို့ မြို့မှာပေါ့ဗျာ၊ ခါးပိုက်နှိုက် တမျိုးမရှိဘူး၊ ကျန်တာရှိပုံချင်းလည်း ကွာခြားတယ်၊ ဓါးပြပြီးလုတယ်၊ သေနတ်ပြပြီးလုတယ်၊ ခုခံရင်သတ်ပစ်တယ်၊ မခုခံနဲ့ ရှိတာထုတ်ပေးလိုက်၊ အမေရိကန်မှာ ငွေကိုင်တဲ့သူမရှိဘူး၊ ဘဏ်ကဒ်တွေပဲ ကိုင်ကြတယ်၊ အဲဒါကိုဓါးထောက်၊ သေနတ်ထောက်ပြီး အေတီအမ်စက်မှာ ငွေထုတ်ခိုင်းတယ်၊ ငွေရရင်လူကို ဘာမှမလုပ်ဘူး၊ လူကိုမှတ်ထားလို့ရရင်လည်း ရဲတိုင်ရင်သေနတ်နဲ့ ပစ်သတ်ခံရမယ်၊ အိမ်တံခါးကို ဖျက်စီးပြီး ဓါးပြတိုက်တာလည်းရှိတယ်၊ ကားဆိုရင်လည်း မှန်ရိုက်ခွဲပြီးလိုတာယူတယ်၊ ကားဘီးပါ ဖြုတ်ယူတတ်ကြတယ်၊ နံနက်စောစော အလုပ်သွားဖို့ သူငယ်ချင်းတယောက်က သူ့ကားဘီး(၂)ဘီး မရှိတော့တာကို အလုပ်မှာပြောပြတော့ ရယ်လိုက်ကြရသေးတယ်၊ ဒီလိုဆိုတော့ ပြည်သူလူထုရဲ့ လုံခြုံရေးကို ဘယ်လိုစိတ်ချနိုင်မှာလည်း။

    ပညာဗဟုသုတ အနေနဲ့ ပြောရရင်လည်း ကျနော့်မှာ ဘာတခုမှ တိုးတက်လာတာမရှိဘူး အလုပ်က ညပြန်ရောက် ပင်ပန်းတယ်၊ အစောကြီးအိပ်ရတယ်၊ မနက် (၄)နာရီ အလုပ်သွားတယ်၊ တပတ်မှာ (၆)ရက် အလုပ်လုပ်တယ်၊ စနေတရက်အလုပ်နားမှ ကွန်ပြူတာ ဖွင့်နိုင်တယ်၊ မျက်စိကန်း၊ နားကန်းဘဝ၊ လည်ပတ်စရာ အချိန်မရှိ၊ သူငယ်ချင်း များများမရှိ၊ နည်းနည်းရှိတဲ့ သူငယ်ချင်းတွေဆီ အလည်သွားဖို့ စိတ်မကူးနဲ့၊ သူအားချိန် ကိုယ်မအား၊ ဗေးဘုတ်မှာသာ သူငယ်ချင်းများ၊ ပညာဗဟုသုတ၊ သတင်း၊ စတာတွေ တွေ့ရတယ်၊ မြန်မာပြည်မှာတော့ ညဖက် လ္ဘက်ရည်ဆိုင်ထိုင်လိုက်ရင် တကမ္ဘာလုံးအကြောင်း သိရတာကို လွမ်းမိတယ်ဗျာ၊ ကျန်းမာရေး ကောင်းသူတွေအတွက် ပြဿနာသိပ်မရှိ၊ ကျန်းမာရေး မကောင်းသူများကျတော့ ဖြစ်တဲ့ရောဂါက သေးသေး၊ ဆေးဖိုး၊ ဆေးရုံခ၊ ဆရာဝန်ကြည့်ခတွေက မတန်တဆ။ 


စကားလုံးနှစ်လုံးစလုံးရဲ့ အသံထွက်က စတော့(ပ်)ပဲ ကြားတယ်၊ အဲဒီတော့ ကျနော့်မှာ စက်ပျက်သွားတိုင်း စက်ပိတ်ခိုင်းရင် ကျနော်က START ကိုနှိပ်တယ်၊ စက်ပြန်ဖွင့်ခိုင်းရင် STOP ကိုနှိပ်တာပေါ့၊

    ကုန်ကုန်ပြောရရင် အထီးကျန်တယ်ဆိုတဲ့ စကားလုံးကို ဟိုးလွန်ခဲ့တဲ့ (၂၀)နှစ်လောက် အလွတ်ရထားတာ အခုမှခံစားတတ်တော့တယ်၊ စားချင်တာ အကုန်စားရတယ်၊ ဝတ်နိုင်တယ်၊ ကားဝယ်နိုင်တယ်၊ အဲ..စိတ်တော့ မပျော်ဘူး၊ ရှေ့ရေးအတွက် မမျှော်တွေးရဲဘူး၊ ဒုက္ခသည်စခန်းမှာ နေတုန်းက စားဆင်းရဲ၊ နေဆင်းရဲပေမဲ့ စိတ်ချမ်းသာတယ်၊ အိမ်နဲ့အလုပ် နေ့စဉ်အချိန်ကုန်တယ်၊ အလုပ်မှာလည်း စိတ်ကျစရာတွေရှိပြန်တယ်၊ လူနဲ့စက် ပြိုင်နေရတယ်၊ စက်ကခဏပျက်တယ်၊ ပြန်ပြင်လို့မရရင် မက္ကနစ်ခေါ်ရင် အပြောခံရတယ်၊ ဘယ်လောက် ကောင်းကောင်းလုပ်လဲ၊ ဒီ ပဲ (မက္ကစီကန်လူမျိုးကိုခေါ်)၊ ဒီ တရုတ်တွေက အကောင်းမပြောဘူး၊ သူတို့ က အလုပ်ခေါင်းဆောင်တွေ၊ စူပါဗွိက်ဆာတွေလေ၊ ကျနော်တို့က ပြောတဲ့ အင်္ဂလိပ်စကားနဲ့ အမေရိကန်အင်္ဂလိပ်စကား ကွာနေတယ်၊ ဒီကြားထဲ ပဲအသံနဲ့ တရုတ်အသံနဲ့ ပြောတဲ့အင်္ဂလိပ်စကား ကျနော်နားမထောင် တတ်သေးဘူး၊ တခါခါ ကျတော့ သူပြောတာကို နားမလည်ဘူး၊ တလွဲလုပ်မိပြီး မှားကုန်တာ၊ ကျနော့်ကို အင်္ဂလိပ်လို နားမလည်လားဆိုပြီး သူတို့ စိတ်ပျက်သလို၊ ကျနော်ကလည်း သူတို့ပြောတဲ့ အသံထွက်ကို စိတ်ပျက်တာအမှန်ပါ၊ ဥပမာ- (စက်ပိတ်လိုက်ပါ၊ စက်ပြန်ဖွင့်ပါ) ဒီ အင်္ဂလိပ်အသံထွက် နှစ်မျိုးကြောင့် ကျနော့်မှာ ပြဿနာခဏခဏတက်တယ်၊ STOP/START ကျနော်အသံထွက် စတော့(ပ်)/ စတာ့(တ်) ကျနော့်အသံထွက် အဲဒီလိုကွဲအောင် ကျနော်ပြောနိုင်တယ်၊ ကျနော်နားကြားမှာ သူတို့ပြောတဲ့အသံက မကွဲဘူး၊ စကားလုံးနှစ်လုံးစလုံးရဲ့ အသံထွက်က စတော့(ပ်)ပဲ ကြားတယ်၊ အဲဒီတော့ ကျနော့်မှာ စက်ပျက်သွားတိုင်း စက်ပိတ်ခိုင်းရင် ကျနော်က START ကိုနှိပ်တယ်၊ စက်ပြန်ဖွင့်ခိုင်းရင် STOP ကိုနှိပ်တာပေါ့၊ စိတ်ပျက်ဖို့ ကောင်းတာက လူပေါင်းစုံနဲ့ အင်္ဂလိပ်စကားပြောရတာကိုပါ၊ အင်္ဂလိပ်စကား မပြောနိုင်တဲ့ မြန်မာတိုင်းရင်းသား တချိုမှာတော့ ပင်ပင်ပန်းပန်း လုပ်နေရရှာပါတယ်၊ သူတို့အတွက် ကျနော်လည်း ဘာမျှကူညီလုပ်ပေးဖို့ မတတ်နိုင်ပါဘူး။
မန်းကြိုင်ထွန်း

0 comments:

Post a Comment

Back to Top